တရုတ်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အခမ်းအနားတက်ရောက်မယ့် အငြိမ်းစားသမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ဇွန်လ ၂၇ ရက်က နေပြည်တော်လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်ပါတယ်။
အခမ်းအနားကိုတော့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုရဲ့သမီး ဦးနု- ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း အတူတကွ လေယာဉ်နဲ့ တရုတ်နိုင်ငံကို ထွက်ခွာခဲ့ တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခမ်းအနားတက်ရောက်မယ့်သူတွေကိုတော့ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၆ ရက်ကတော့ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ဟာ နေပြည်တော်မှာ အငြိမ်းစားသမ္မတ ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံ အခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အငြိမ်းစားသမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့မှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ပိုင်နက်နယ်ပယ် တည်တံ့ ရေးနဲ့ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျုးကျော်တိုက်ခိုက်မှု မပြုလုပ်ဖို့၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာ မပြုလုပ်ဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တန်းတူရည်တူရှိဖို့နဲ့ နှစ်ဦး နှစ်ဖက်အကျိုးဖြစ်ထွန်းဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အခြေခံမူကြီး ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။