ဘေရွတ်မြို့ရဲ့ အဓိကလေဆိပ်ကို အောက်တိုဘာ ၄ ရက် အစောပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်ပြီး မိနစ်ပိုင်းအတွင်း လေဆိပ်အနီးမှာ ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Flightradar 24 ဝက်ဘ်ဆိုက် အချက်အလက်တွေအရ ဒူဘိုင်းကနေလာတဲ့ အရှေ့အလယ်ပိုင်းလေကြောင်းလိုင်း ME429 လေယာဉ် ဆင်းသက်ခဲ့တာပါ။
အစောပိုင်းမှာ အစ္စရေးစစ်တပ်က မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ အဆောက်အဦနှစ်ခုအနားက အရပ်သားတွေ ထွက်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။
အစ္စရေးရဲ့ အဓိကပစ်မှတ်ကတော့ လွန်ခဲ့တဲ့လ နှောင်းပိုင်းက ဟာဆန် နာဆရာလာ အသတ်ခံရပြီးနောက် ဟစ်ဇ်ဘိုလာခေါင်းဆောင်နေရာကို ဆက်ခံသူလို့ ကျယ်ပြန့်စွာ မှတ်ယူကြတဲ့ ဟာရှမ် ဆာဖီဒင်းဖြစ်တယ်လို့ Axios သတင်းဌာနရဲ့ လူမှုမီဒီယာပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
ပို့စ်ပါ အချက်အလက်တွေကိုတော့ ရိုက်တာက အတည်မပြုနိုင်သေးပါဘူး။
သိမ်းပိုက်ထားတဲ့ အနောက်ဘက် ကမ်းမှာလည်း တူလ်ခမ်ဒုက္ခသည်စခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၆ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ ကလေးငယ် ၁၂၇ ယောက် အပါအဝင် လူပေါင်း ၁,၉၇၄ ယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။