အင်ဒိုနီးရှားနိုင်ငံ လီဝိုတိုဘီ လာကီလာကီမီးတောင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပေါက်ကွဲမှု ၈ ကြိမ် ဖြစ်ပွားပြီးနောက် မီးတောင်လေ့လာရေးဌာနက သတိပေးမှုအဆင့်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်လိုက်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားအရှေ့ပိုင်း ဖလိုရက်စ်ကျွန်းပေါ်မှာတည်ရှိတဲ့ လီဝိုတိုဘီ လာကီလာကီမီးတောင်ဟာ မေလ ၁၈ ရက် တနင်္ဂနွေနေ့က မီးတောင်ပြာမှုန်တွေကို ၃ ကီလိုမီတာကနေ ၅ ကီလိုမီတာခွဲအမြင့်အထိ ထုတ်လွှတ်ခဲ့တယ်လို့ မီးတောင်လေ့လာရေးဌာနအကြီးအကဲ မူဟာမက်ဝါဖစ်ဒ်က ပြောပါတယ်။ မေလ ၁၉ ရက် မနက်မှာလည်း မီးတောင်ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး မီးတောင်ပြာမှုန်တိမ်တွေဟာ ၁ ဒသမ ၂ ကီလိုမီတာအမြင့်ထိ ထုတ်လွှတ်ခဲ့ပါတယ်။

မိုးရွာသွန်းတဲ့အခါ မီးတောင်ဝကနေ ချော်ရည်တွေ စီးဆင်းတာ ဖြစ်ပေါ်နိုင်ခြေရှိတဲ့အတွက် ပေါက်ကွဲနေတဲ့မီးတောင်ဝတစ်ဝိုက်ကနေ ၆ ကီလိုမီတာအတွင်း လူနေထိုင်မှု လုံးဝရှင်းလင်းထားဖို့ လိုအပ်တယ်လို့ မီးတောင်လေ့လာရေးဌာနက ဒေသခံတွေကို သတိပေးခဲ့ပါတယ်။ ဒီနေ့အထိတော့ မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးရတာနဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတာ မရှိသေးဘူးလို့ ဒေသခံအစိုးရအရာရှိသူက ပြောဆိုထားပါတယ်။