ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာ မြန်မာ နိုင်ငံဘက်ကို ဦးတည်ရွေ့လျားမဲ့အခြေအနေ မရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ၂၉ ရက်၊ နေ့လယ် ၁၂ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့ကို ဆာဂါကျွန်းနဲ့ခီပူပါရာမြို့တို့အကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မေလ၂၉ ရက် နေ့လယ်ကနေ ဇွန်လ(၂)ရက်အတွင်း နိုင်ငံတစ်ဝန်းလုံးမှာ နေရာ စိပ်စိပ်ကနေ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။အဲဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။