ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လာမယ့်ရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။မေ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ လာမယ့် မေ ၂၇ ရက်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တာလို့ ဆိုပါတယ်။

အဲဒီလေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ပြီးနောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်ကြာင်း ခန့်မှန်းထားတယ် လို့လည်း ထုတ်ပြန်ချက်ထားပါတယ်။လက်ရှိမှာတော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း ဒေသတွေကို ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးကိုတော့ လာမယ့် မေ ၂၄ ရက်ကနေ ၃၀ ရက်အတွင်း ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ် လာနိုင်တာ၊ မုတ်သုံလေဝင်ရောက်လာနိုင်တာတွေနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေ ကြောင့်လည်း မေ ၂၃ ရက်ကနေ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။