အခုလာမဲ့ ဇူလိုင်လအတွင်းမှာ လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ဇူလိုင်လပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

မိုးရွာသွန်းမှုအခြေအနေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး နေပြည်တော်အပါအဝင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။မိုးရွာနိုင်တဲ့ရက်တွေကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တွေမှာ ၁၅ ရက်ကနေ ၂၂ ရက်ခန့်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွေမှာ ၈ ရက်ကနေ ၁၄ ရက်ခန့်နဲ့ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ၂၃ ရက်ကနေ ၂၉ ရက်ခန့် မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်း မြစ်ရေအခြေအနေကတော့ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ တစ်ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ် ရေဟာ တောင်ငူနဲ့ မဒေါက်မြို့တွေမှာ တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ တစ်ကြိမ်ခန့်၊ ပဲခူးမြစ် ရေဟာ ပဲခူးမြို့မှာ တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ မှာ တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ တစ်ကြိမ်ခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ တစ်ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ တစ်ကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်ကို အသီးသီး ရောက်ရှိနိုင် တယ်လို့ ထုတ်ပြန်ထားပါတယ်။