လူပေါင်းနှစ်ဒါဇင်ကျော် သေဆုံးစေခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦပေါင်း ထောင်ချီ ပျက်စီးစေခဲ့တဲ့ ပြင်းထန် ရာသီဥတုဘေးအန္တရာယ်ကြောင့် တက္ကဆပ်ကနေ ကင်တပ်ကီအထိ ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြချိန် အမေရိကန်အလယ်ပိုင်းမှာ လေဆင်နှာမောင်းတွေ ထပ်မံတိုက်ခတ်ခဲ့လို့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

အိုကလာဟိုးမားနဲ့ နီဘရာစကာပြည်နယ်တွေမှာလည်း မေလ ၁၉ ရက် ညနေနှောင်းပိုင်းက လေဆင်နှာမောင်း လေးခု တိုက်ခတ်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဝန်ကြီးဌာနရဲ့ ကနဦး တင်ပြချက်အရ သိရပါတယ်။ လေဆင်နှာမောင်းကြောင့် အိုကလာဟိုးမား အရှေ့တောင်ပိုင်းရှိ မက်ခ်အလက်စတာမှာ လျှပ်စစ်မီးကြိုးတွေ ပြတ်ကျတာနဲ့ အပျက်အစီးတွေကြောင့် ယာဉ်လမ်းကြောင်း ပိတ်ဆို့တာတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အိုကလာဟိုးမား၊ အာကင်ဆော၊ မစ်ဆိုရီနဲ့ အာကင်ဆောပြည်နယ်တွေက လျှပ်စစ်မီးသုံးစွဲသူ ၁၃၀၀၀၀ နီးပါး လျှပ်စစ်မီးမရ ဖြစ်နေတယ်လို့ သိရပါတယ်။ အာကင်ဆော အနောက်မြောက် ဘက်မှာ ပြင်းထန်ရာသီဥတု အခြေအနေကြောင့် ဟယ်လ်ဆေ ဂီတဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့ရတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားထားပါတယ်။