အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း ဒေသတွေကို ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ ၂၁ ရက် ထုတ် ပြန်ချက်အရ သိရပါတယ်၊၊မြန်မာနိုင်ငံ တစ်ဝန်းလုံးကိုတော့ အနောက်တောင်မုတ်သုံလေဟာ လာမယ့် မေ ၂၄ ရက်ကနေ ၃၀ ရက်အတွင်း ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ် လာနိုင်တာ၊ မုတ်သုံလေဝင်ရောက်လာနိုင်တာတွေနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေ ကြောင့်လည်း မေ ၂၃ ရက်ကနေ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။မိုးရွာသွန်းမှုအနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွေမှာနဲ့ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့(အရှေ့ပိုင်း)တွေမှာ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာကာ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီး ကြွေတာ၊ လျှပ်တစ်ပြက် ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါ တယ်။ ဒါ့ကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေ အနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်း ရေကြောင်းသွား လာရေး နဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။