ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ မေလ(၂၇)ရက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ဒါ့အပြင် မေလ(၂၆)ရက် ညနေကနေ ဇွန်လ(၂)ရက်အတွင်း တိုင်းနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း အထူးမိုးလေဝသ သတင်းထုတ်ပြန်ချက်အနေနဲ့ ထုတ်ပြန်ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တာ၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတာနဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် အခုလို မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါ့အပြင် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့လေကြောင်း ပျံသန်းရေးအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့အတွက်ကိုလည်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့က ဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ တောင်ကျရေ စီးဆင်းတာတွေကြောင့် လမ်းတွေပေါ်နဲ့ အနိမ့်ပိုင်းရပ်ကွက်တွေအတွင်း ရေဝင်ရောက်တာ၊ ရေကြီးရေလျှံတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။