ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တာ၊ မုတ်သုံလေဝင်ရောက်လာနိုင်တာတွေနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် မေ ၁၁ ရက် ညနေကနေ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာကာ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အဲ့ဒီဒေသတွေရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိ ပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိ ပြုနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။