ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့မှာ ဖေဖော်ဝါရီလ(၂၅)ရက်က မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ မှော်ဘီမြို့မှာ ဖေဖော်ဝါရီလ (၂၅) ရက်က ရွာသွန်းခဲ့တဲ့ မိုးရေချိန်စံချိန်သစ်ဟာ (၃၉)မီလီမီတာရှိတယ်လို့ ဆိုပါတယ်။ မှော်ဘီမြို့မှာ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်ကလည်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ပြီး အဲဒီစံချိန်ဟောင်းကတော့ (၃၇) မီလီမီတာ သာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးလေဝသစခန်းစတင်ဖွင့်လှစ်ခဲ့တဲ့ (၇၁)နှစ်တာကာလအတွင်း အခုလို မှော်ဘီမြို့မှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ(၂၄)ရက်ကနေ(၂၇)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။