လာမယ့် မေလ ၄ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်ပြီး တချို့ဒေသတွေ မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၈ ရက် ညနေ ၆ နာရီ အချိန်မှာ ထုတ်ပြန်ထားပါတယ်။အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တွေက လေနွေးတွေ၊ တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် မေလ ၄ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တာလို့ ဆိုပါတယ်။

မိုးရွာသွန်းနိုင်တဲ့ နေပြည်တော်၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ် ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။