အနောက်တောင်မုတ်သုံလေဟာ မေလ ၁၂ ရက်ကနေ ၁၄ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မေလ ၁၅ ရက်ကနေ ၁၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ ၁၉ ရက်ကနေ ၂၄ ရက်အတွင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကို အသီးသီး၀င်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မေလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်မှာ အခုလို ဖော်ပြပါရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွေမှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ မန္တလေးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတွေမှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ၇ ရက်ကနေ ၉ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာ ၄ ရက်ကနေ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။