အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးထစ်ချုန်း ရွာနိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၁၀ ရက်၊ မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ကို ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်ကို အားလျော့သွားခဲ့ပါတယ်။ အဲဒီနောက် မြောက်-အရှေ့မြောက် ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဧပြီ ၁၀ ရက်၊ မနက်ပိုင်းကနေ ဧပြီ ၁၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ဧပြီ ၁၂ ရက်ကနေ ၁၇ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံအပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တဲ့အတွက် အဲဒီဒေသတွေရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်တွေကို ကြိုတင်သတိပြုရှောင်ရှား နိုင်ဖို့ကိုလည်း အကြုံပြုထားပါတယ်။