ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံတာ၊ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တို့ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင် တာလို့ ဆိုပါတယ်။

အချိန်အခါမဟုတ် မိုးရွာနိုင်မယ့် တိုင်းနဲ့ပြည်နယ်တွေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းဒေကြီးတွေနဲ့ ကချင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။အကြံပြုချက်အနေနဲ့ အချိန်အခါမဟုတ် မိုးရွာတာနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။