ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသွားတဲ့နမ့်လပ်ချောင်းကူးတံတားဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သံပေါင်ဘေလီတံတားအဖြစ် အစားထိုးပြန်တည်ဆောက်ပြီးစီးပြီဖြစ်တာကြောင့် ယာဉ်ကြီး/ ယာဉ်ငယ်တွေ ပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကျိုင်းတုံ-လွိုင်မွေ ကားလမ်းပေါ်ရှိ အရှည် ပေ ၆၀၊ အကျယ် ၁၉ ပေရှိတဲ့ နမ့်လပ် ချောင်းကူး သံကူကွန်ကရစ်တံတားဟာ စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းက မိုးရေနဲ့အတူ တောင်ကျရေတွေကြောင့် ပြိုကျပျက်စီးခဲ့တာပါ။

နမ့်လပ်ချောင်းကူးတံတားပြိုကျချိန်မှာ ဖြတ်သန်းသွာလာနေတဲ့ယာဉ်တွေမရှိခဲ့သလို လူနဲ့တိရစ္ဆာန်တွေ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။ ပျက်စီးသွားတဲ့ နမ့်လပ်ချောင်းကူးတံတားနေရာမှာ အရွယ်အစားအရှည်ပေ ၈၀၊ အကျယ် ၁၂ ဒသမ ၈ ပေနဲ့ ခံနိုင်ဝန် ၁၃ တန်ရှိတဲ့ သံပေါင်ဘေလီတံတားကို အစားထိုးတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။