ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတာတွေကြောင့် ဩဂုတ် ၅ ရက်ထိ သေဆုံးသူ ၈ ယောက် ရှိတယ်လို့ သံတောင်ကြီးမြို့မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။မြေပြိုမှု ဖြစ်ပွားတဲ့ နေရာတွေကတော့ သံတောင်ကြီးမြို့ပေါ် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ လိပ်ပြာကလေးရွာရှိ ဥယျာဉ်ခြံတွေနဲ့ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြေပြိုမှုတွေကြောင့် ရပ်ကွက်(၁)မှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ ဥယျာဉ်ခြံမှာ ညစောင့်အိပ်တဲ့ အမျိုး သား ၄ ယောက်တို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေ ရှာဖွေ့တွေ့ရှိထားတယ်လို့ သံတောင်ကြီးမြို့ ဒေသခံတစ် ယောက်က ပြောပါတယ်။ မိုင်(၃၀) ရှည်လျားတဲ့ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းမှာတော့ မိုင်တိုင်အမှတ် (၁၃)မိုင်နဲ့ (၁၄)မိုင်လောက်မှာ မြေပြိုထားလို့ လမ်းပြတ်တောက်မှု ရှိနေသလို ကျေးရွာလမ်းများစွာလည်း ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက် သွယ်ရေး ခက်ခဲမှု ရှိနေတယ်လို့ ဆိုပါတယ်။

မြေပြိုကျမှုကြောင့် သံတောင်ကြီးမြို့ပေါ်က နေအိမ်(၃၀)ကျော် ပျက်စီးထိခိုက်မှု ရှိပြီး အန္တရာယ်ရှိတဲ့ နေအိမ် တွေကိုလည်း ရွှေ့ပြောင်းထားပါတယ်။မြေပြိုမှု ဖြစ်ပွားတဲ့ နေရာတွေမှာတော့ လတ်တလော ရေ၊ မီး ပြတ်နေသလို အပျက်အစီးတွေ ဖယ်ရှားရှင်းလင်း တာကိုလည်း ဒေသခံ ခရစ်ယာန်အသင်းတော်တွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။