ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)အင်းလေးဒေသက ကျေးရွာတချို့မှာ အလှူရှင်တွေ လာရောက်လှူဒါန်းမှု နည်းပါးတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။ အင်းလေးဒေသမှာ မိုးတွေ အဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၁)ရက်ကစပြီး ရေကြီးနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ရေနစ်မြုပ်ခဲ့တာ တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ လက်ရှိအချိန် အထိ တချို့နေအိမ်တွေဟာ ရေနစ်မြုပ်ဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရတဲ့ လယ်သစ်ထက်ကျေးရွာမှာ အလှူရှင်တွေ လာရောက်မှုနည်းပါးလို့ စားရေးသောက် ရေးအခက်အခဲတွေ ဖြစ်နေတယ်လို့ ငဖယ်ချောင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကလည်း ရေကြီးရေလျှံဖြစ်ခဲ့ပေမဲ့ အခုလိုမျိုး မဆိုးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုနှစ်က ကန်ထဲမှာ ရေက ဆယ်ပေကျော်အထိ မြင့်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရေကြီးမှုတွေကြောင့် တချို့ဒေသခံတွေဟာ မိမိတို့နေအိမ်ကို မပြန်နိုင်ကြသေးဘဲ နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းတွေမှာ နေရဆဲဖြစ်ပါတယ်။
အင်းလေးဒေသမှာ ကျေးရွာပေါင်း(၄၄၀)ကျော်ရှိတဲ့အထဲမှာ ၁၉၆ ရွာ ရေမြုပ်ခဲ့ပြီး အလှူရှင် လာရောက်မှု နည်းပါးတဲ့ ကျေးရွာက(၁၀)ရွာလောက် ရှိတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။