အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာနဲ့ အနီးတစ်ဝိုက် မြို့ငယ်လေးတွေမှာ မတ်လ ၄ ရက်က ရေလွှမ်းမိုးမှုကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းလည်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

မတ် ၃ ရက်ကတည်းက မရပ်မနား မိုးရွာသွန်းခဲ့တာကြောင့် မြို့တော် ဂျကာတာနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ ၃ မီတာအထိ ရေလွှမ်းမိုးခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တချို့လမ်းတွေကို ပိတ်ဆို့သွားပြီး အိမ်ခြေ ၁,၀၀၀ ကျော်နဲ့ ကားအမြောက်အများလည်း ရေနစ်မြုပ်ခဲ့ပါတယ်။အရှေ့ဘက်ခြမ်း ဘကာစီမြို့ရှိ ဆေးရုံတစ်ရုံကိုလည်း ရေတွေဝင်ရောက်လာခဲ့ပြီး တချို့လူနာဆောင်တွေ ရေနစ်မြုပ်သွားတာကြောင့် လူနာတွေကို တခြားအဆောက်အအုံတွေဆီ မဖြစ်မနေ ရွှေ့ပြောင်းပေးခဲ့ရပြီး ဆေးရုံရဲ့ တခြားနေရာတွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။

ဘကာစီမြို့ရှိ အိမ်ရာအဆောက်အအုံတခုမှာ မနက် ၄ နာရီကတည်းက ရေကြီးရေလျှံမှုတွေအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာ ပေါင်အထိမြင့်တဲ့ ရေတွေပေါ်ကနေ ရော်ဘာလှေတွေကို မောင်းနှင်ခဲ့ကြတယ်လို့ သိရပါတယ်။ ရေတက်တာဟာ အရမ်းမြန်ဆန်ပြီး ဘာပစ္စည်းမှ သိမ်းဆည်းဖို့ အချိန်မရလိုက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။လူဦးရေ သန်း ၃၀ ကျော် နေထိုင်တဲ့ ဂရိတ်တား ဂျကာတာ မြို့ပြဧရိယာဟာ ရေကြီးမှုဒဏ်ကို ပုံမှန်ခံစားနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမီဒီယာတချို့ဖော်ပြချက်အရ လက်ရှိအခြေအနေ အထူးသဖြင့် ဘကာစီမြို့မှာ ၂၀၂၀ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။