ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့မှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာ တွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ဇွန်(၁၀)ရက်ကစပြီး မိုးတွေ နေ့စဉ်ရက်ဆက် ရွာသွန်းတဲ့အတွက် တောင်ကျချောင်းရေတွေကြောင့် တောင်ကြီး ၊ ရွှေညောင်မြို့နဲ့ ရပ်စောက်မြို့တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။

ရွှေညောင်မြို့မှာ မိုးသည်းတာနဲ့အတူ ချောင်းရေတွေ မြင့်တက်လာလို့ ရတနာရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ မင်္ဂလာရွှေဘိုရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေအတွင်းနဲ့ လမ်းတွေပေါ် ချောင်းရေ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ရွှေညောင်မြို့မှာက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ၊ အောက်တို ဘာလ ရောက်မှသာ ရေကြီးလေ့ရှိတာဖြစ်ပြီး ဇွန်လမှာ ရေကြီးလေ့မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ဒါ့အပြင် ညောင်ရွှေ၊ ကလောနဲ့ အင်းလေးဒေသတွေမှာလည်း မိုးများစွာ ရွာနေတဲ့အတွက် ရေအနည်းငယ် မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရွှေညောင်မြို့မှာ ရေကြီးနေတဲ့ ရပ်ကွက်တွေ ကျေးရွာတွေက ဒေသခံတွေကို တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဇေယျာသီရိဓမ္မာရုံနဲ့ ဒက္ခိဏာရာမ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ရေဘေးယာယီကယ်ဆယ်ရေးစခန်းတွေကို ကူညီရွှေ့ပြောင်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။