နိုင်ငံတစ်ဝန်း ရေဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်ပြည်သူတွေက အလှူငွေနဲ့ အလှူပစ္စည်းတွေ ပါဝင်လှူဒါန်းနိုင်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက စက်တင်ဘာ ၁၃ ရက်မှာ အသိပေးကြေညာထားပါတယ်။
အလှူငွေတွေကို မိုဘိုင်းငွေပေးချေမှုစနစ်နဲ့ လှူဒါန်းလိုပါက KBZ Pay ၊ Wave Money တို့နဲ့ လှူဒါန်းနိုင်ပြီး မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာတွေနဲ့လည်း မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေမှာ တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်တယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။
အလှူငွေနဲ့ အလှူပစ္စည်းတွေလှူဒါန်းလိုသူတွေအနေနဲ့လည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်သလို အလှူပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွေကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ကြေညာချက်အရသိရပါတယ်။
နိုင်ငံတစ်ဝန်း ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက် အနုပညာရှင်တွေ၊ ပြည်သူတွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေ ကလည်းငွေသား၊ အဝတ်အထည်၊ အစားအသောက်တွေလှူဒါန်းနေကြတာတွေရှိတယ်လို့သိရပါတယ်။