ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဆေးဝါးတွေကို အခမဲ့သယ်ဆောင်ပေးသွားမယ်လို့မြန်မာအမျိုးသားလေကြောင်း (MNA) ၊ Mingalar လေကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)တို့က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားကြပါတယ်။
ရေဘေးသင့်ပြည်သူတွေဆီကို ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဆေးဝါးတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ပစ္စည်းတွေကို ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေနဲ့ စက်တက်ဘာ ၁၃ ရက်ကစပြီး အခမဲ့သယ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်း(MNA)ကထုတ်ပြန်ထားပါတယ်။
သက်ဆိုင်ရာလေကြောင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် လှူဒါန်းပေးပို့လိုသူတွေအနေနဲ့ MNA လေကြောင်းလိုင်းရဲ့ သက်ဆိုင်ရာ Cargo Operation Team ကို ဆက်သွယ်နိုင်တယ်လို့လည်း အဲဒီလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Mingalar လေကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) တို့ကလည်း ရေကြီးရေလျှံမှုတွေကြောင့် အကူအညီတွေလိုအပ်နေတဲ့ တာချီလိတ်၊ ကျိုင်းတုံ၊ ဟဲဟိုး၊ မန္တလေးနဲ့ နေပြည်တော်တို့က ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေအပြင် ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို စက်တင်ဘာ ၁၃ ရက်ကစပြီး အခမဲ့ သယ်ဆောင်ပေးနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။