ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့သက်သာရေးဌာန(DDMP)က ဇူလိုင်လ ၆ ရက်ကနေ ၁၂ ရက် အတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊အလယ်ပိုင်းနဲ့ တောင်ပိုင်းက ၃၃ ပြည်နယ်မှာ မိုးကြီးတာကြောင့် ရုတ်တရက် ရေလွှမ်းတာ၊ တောတွင်းရေကြီးတာ၊ မြေပြိုတာနဲ့ အထူးသဖြင့် မဲခေါင်မြစ်အနီးဒေသတွေမှာ မြစ်ရေမြင့်တက်တာတွေ ဖြစ်ပွားနိုင်တယ်လို့ အရေးပေါ်မိုးလေဝသ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Bangkok Post သတင်း ဖော်ပြချက်အရ အဲဒီသတိပေးကြေညာချက်ထဲမှာ အန္တရာယ်ရှိဒေသတွေက တာဝန်ရှိသူ တွေအနေနဲ့ ဒေသတွင်း မိုးလေဝသအခြေအနေတွေ၊ မိုးရေချိန်ပမာဏတွေကို အနီးကပ်စောင့်ကြည့်ဖို့ တိုက်တွန်း ထားပြီး အထူးသဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၉၀ မီလီမီတာကျော် (၃ လက်မခွဲကျော်) ရွာသွန်းတဲ့နေရာတွေမှာ ပိုမို သတိထားဖို့ တိုက်တွန်းထားပါတယ်။

ဒေသန္တရအစိုးရရုံးတွေကိုလည်း ရေလှောင်ကန်တွေကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့နေရာတွေမှာ ရေတွေကို လျှော့ချဖို့ အရေးပေါ်ညွှန်ကြားထားပြီး မဲခေါင်မြစ်နယ်နိမိတ်အတွင်း တည်ရှိတဲ့ဒေသတွေကိုလည်း မြစ်ရေ အလျင်အမြန် ပြောင်းလဲမှုတွေအတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။DDMP ထုတ်ပြန်ချက်အရ ရေတံခွန်တွေနဲ့ လိုဏ်ဂူတွေတို့လို သသဘာဝအပန်းဖြေခရီးသွားနေရာတွေမှာ အန္တရာယ်ရှိနိုင်တာကြောင့် ယာယီပိတ်ထားနိုင်တယ်လို့ Vnexpress သတင်းမှာ ဖော်ပြထားပါတယ်။