မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့ ရေစီးသန်တာတွေ ဖြစ်ပွားနိုင်တယ်လို့ တရုတ်နိုင်ငံအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။

အန်းဟွေ့၊ ဟယ်နန်၊ ဟူပေး၊ ဟူနန်၊ ကွေ့ကျိုးနဲ့ ကွမ်ရှီးပြည်နယ်တွေမှာ ဒီနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ရေအရင်းအမြစ် ဦးစီးဌာနနဲ့ အမျိုးသားမိုးလေဝဌာန တို့ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန စင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။တောင်ပိုင်းဟူနန်ပြည်နယ်မှာ မိုးကြီးတာကြောင့် လီရွှေ့မြစ်အထက်ပိုင်းနဲ့အောက်ပိုင်းမှာ ၁၉၉၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုထက် ပိုမိုဆိုးရွားတဲ့ ရေကြီးမှုကို ဖြစ်စေခဲ့ပြီး ဇွန်လ ၁၉ ရက်က အဲဒီမြစ်ရဲ့ရေအမှတ်ဟာ ဘေးကင်းတဲ့ရေမှတ်ထက် နှစ်မီတာကျော် မြင့်တက်သွားခဲ့ပါတယ်။

မိုးရေချိန် ၃၀၄ မီလီမီတာအထိ ရောက်ရှိနေတဲ့ ဖိန်းရွှေ့ခရိုင်အတွင်းက မြို့တွေရွာတွေမှာနေထိုင်တဲ့ လူပေါင်း ၃၀၀ နီးပါးဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပြီး တောင်ပေါ်ကနေ စီးကျလာတဲ့မိုးရေတွေ ဒိုက်တန်မြစ်ထဲ စီးဝင်သွားမှုက မြစ်ရေ ၁၉ မီလီမီတာ မြင့်တက်သွားစေကာ ရေကြီးမှုကို ပိုဆိုးရွားသွားစေခဲ့တယ်လို့ CCTV သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။