နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီအထိ စာရင်းတွေအရပြည်သူ ၂၉၃ ယောက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ယောက်ရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့မြို့နယ် ၅၃ မြို့နယ်ရဲ့ရေဘေးသင့်အခြေအနေတွေကို ထုတ်ပြန်ရာမှာအခုလိုပါရှိတာပါ။ အဲဒီရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာလူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

ရေဘေးကြုံတွေ့ခဲ့ရတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၂၅ ခု ဖွင့်လှစ်ပြီးလူဦးရေ တစ်သိန်းခွဲကျော်ကို ကူညီကယ်ဆယ်ရေးနဲ့လိုအပ်တဲ့ထောက်ပံ့ကူညီမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီအထိ စာရင်းတွေအရ ရုံး/ဌာနအဆောက်အအုံ ၁၁၃ လုံး၊ စာသင်ကျောင်း ၉၁၉ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၃၃၁ လုံး၊ လမ်း/ တံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေဝင်နစ်မြုပ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် တိရစ္ဆာန်အကောင်ရေ ၁၂၉၀၀၀ ကျော်သေဆုံးပြီး စပါးနဲ့သီးနှံမျိုးစုံဧက ၇၆၆၀၀၀ ကျော်ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။