မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် နေအိမ်အလုံးပေါင်း ၃၅၉၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ နေအိမ်ထိခိုက်ပျက်စီးမှုတွေထဲမှာ လုံးဝပြိုကျပျက်စီးသွားတဲ့နေအိမ်အလုံးပေါင်း ၂၉၀ နဲ့ တစ်စိတ် တစ်ပိုင်း ပျက်စီးသွားတဲ့နေအိမ် ၃၃၀၂ လုံးရှိတယ်လို့ ဆိုပါတယ်။

ရမည်းသင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူစုစုပေါင်း ၉၇ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၃ ယောက် ရှိတယ်လို့လည်း သိရပါတယ်။မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ရမည်းသင်းမြို့နယ်အတွင်းမှာရှိတဲ့ နေအိမ်တိုက်တာ အဆောက်အဦတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ဘုရားပုထိုးတွေနဲ့ သာသနိကအဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေ ထိခိုက်ပြိုကျပျက်စီးခဲ့ရတာဖြစ်ပါတယ်။