မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နဲ့ နွားထိုးကြီးမြို့တွေအနီးမှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းက ငလျင်နှစ်ကြိမ် လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊ဇွန် ၁၀ ရက် မနက် ၃ နာရီခွဲလောက်က နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ အနက် ၁၅ ကီလို မီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာပါ။

အလားတူ အဲဒီနေ့မနက် ၆ နာရီ ၁၂ မိနစ်လောက်မှာ မတ္တရာမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၈)မိုင်ခန့် အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၃ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။ဒါ့အပြင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်တွေ အပါအဝင် ငလျင် လှုပ်ခတ်မှု စုစုပေါင်းဟာ ဇွန်လ (၅)ရက်အထိ (၁၈၇)ကြိမ်ရှိပြီ ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရ ပါတယ်။