မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီး နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ မေ(၂၅)ရက်ထိ အကြိမ် (၁၈၀) ရှိပြီ ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။နောက်ဆက်တွဲ ငလျင်ငယ်တွေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ် အနီးတစ်ဝိုက်မှာ ဖြစ်ပေါ်ခဲ့ တာဖြစ်ပြီး အနိမ့်ဆုံး အင်အား ရစ်(ခ်)တာစကေး ( ၂ ဒသမ ၈ )ကနေ အမြင့်ဆုံးအနေနဲ့ အင်အား ရစ်(ခ်)တာ စကေး (၅ ဒသမ ၉)အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့ နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရ ပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုမှာ လက်ရှိအချိန်ထိ သေဆုံးသူ ၃၇၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော် ရှိပြီး အသက်ရှင် ကျန်ရစ်သူ(၆၅၃)ယောက်ကိုလည်း ရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။