မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဒဏ်သင့် ဒေသတွေအတွက် တရုတ်နိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဧပြီ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲ အချိန်လောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဋ္ဌမ အသုတ်အဖြစ် ထပ်မံရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေ ထပ်မံရောက်ရှိလာတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံမှူး Mr. Quyang Daobing (မစ္စတာ ကျိုးယန် ဒိုးပင်)တို့က လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။အဋ္ဌမအသုတ် ရောက်ရှိလာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေမှာ အရိုးဆက်ပြား၊ အရိုးဆက် screw ၊ အရိုးအတွင်းပိုင်း ချိတ်ဆက်သံ၊ ကိရိယာစက်ပစ္စည်းအိတ်ထုပ်တွေ၊ Metronidazole (မက်ထရိုနီဒါဇိုး) ဆေးပြားတွေ၊ Cefradine (ဆက်ဖရာဒင်း) ဆေးတောင့်ဘူးတွေ၊ ဆေးဘက်သုံး ပိုးသတ်ဆေးပြားဘူးတွေနဲ့ ဆေးဘက်သုံး အိုင်အိုဒင်း ဝါဂွမ်း တံပုံးတွေ ပါဝင်ပြီး ကျန်းမာရေးဆေးပစ္စည်းတွေ စုစုပေါင်း ၃၇၉၀၃ ကီလိုဂရမ် ပါရှိတယ်လို့လည်း ထုတ်ပြန် ချက်အရ သိရပါတယ်။ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ငလျင်ဘေးသင့်ဒေသတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ နေပြည်တော်ကို ဆက်လက် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။