မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေအပါအဝင် ငလျင်လှုပ်ခတ်မှု စုစုပေါင်းဟာ ဇွန်လ(၄)ရက်အထိ (၁၈၆)ကြိမ် ရှိပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။နောက်ဆက်တွဲငလျင်တွေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အနီးတစ်ဝိုက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အနိမ့်ဆုံးအင်အားရစ်(ခ်)တာစကေး ( ၂ ဒသမ ၈ )ကနေ အမြင့်ဆုံးအနေနဲ့ အင်အား ရစ်(ခ်)တာ စကေး (၅ ဒသမ ၉)အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။မန္တလေးငလျင်ကြီးကြောင့် မေလ(၃၀)ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ ရှိတဲ့လူဦးရေ ငါးသိန်းကျော် ငလျင်ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ယောက်၊ ပျောက်ဆုံးသူ ၆၈ ယောက်၊ ဒဏ်ရာရသူ ၅၁၀၄ ယောက် ရှိတယ်လို့ သိရပါတယ်။