မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေအပါအဝင် ငလျင်လှုပ်ခတ်မှုစုစုပေါင်းဟာ မေလ၂၈ရက်အထိ (၁၈၄)ကြိမ်ရှိပြီ ဖြစ်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နောက်ဆက်တွဲ ငလျင်တွေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ် အနီးတစ်ဝိုက်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အနိမ့်ဆုံး အင်အား ရစ်(ခ်)တာစကေး ( ၂ ဒသမ ၈ )ကနေ အမြင့်ဆုံးအနေနဲ့ အင်အား ရစ်(ခ်)တာ စကေး (၅ ဒသမ ၉)အထိ ရှိခဲ့တယ်လို ဆိုပါတယ်။ မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရ ပါတယ်။

မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုမှာ လက်ရှိအချိန်အထိ သေဆုံးသူ (၃၈၃၉) ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူငါးထောင်ကျော်ရှိကာ အသက်ရှင်ကျန်ရစ်သူ(၆၅၃)ယောက်ကိုလည်းရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လိုသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။