ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာရှိတဲ့ သင်္ဘောသားမိသားစုတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် ဆက်သွယ်နိုင်ပြီး ပြန်လည်တည်ဆောက်ရေး ကုန်ကျစရိတ်ကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)က ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။အဲဒီအတွက် အဖွဲ့ချုပ်က ကျပ်သိန်း ၁၀၀ ရန်ပုံငွေထူထောင်ထားပြီး အလှူရှင်တွေရဲ့ လှူဒါန်းမှုက လက်ရှိမှာ ကျပ်သိန်း ၃၀ ကျော် ရရှိထားပြီးဖြစ်တယ်လို့ MSF ရဲ့ ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောပါတယ်။လတ်တလောမှာ မန္တလေးက ငလျင်ဒဏ်ခံခဲ့ရတဲ့ သင်္ဘောသားမိသားစုအိမ်နှစ်အိမ် ပြန်လည်တည်ဆောက်ဖို့ အတွက် တစ်အိမ်ကို ကျပ် ၃၅ သိန်းနှုန်းစီ ထောက်ပံ့ထားတယ်လို့ ကပ္ပတိန်စိုးမင်းအောင်က ပြောပါတယ်။

ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာရှိတဲ့ သင်္ဘောသားမိသားစုတွေအနေနဲ့ နေအိမ်ထိခိုက်ပျက်စီးတာတွေရှိရင် အထောက်အထားတွေ တင်ပြပြီး အဖွဲ့ချုပ်ဆီကနေ အကူအညီတောင်းခံနိုင်ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက် ဆောက်လုပ်ရေးကုန်ကျစရိတ်ကို အိမ်ရှင်၊ ဆောက်လုပ်ရေးပညာရှင်နဲ့ ဆောက်လုပ် ရေးအဖွဲ့တို့ ညှိနှိုင်းချက်အရ သိရှိပြီးရင် အဖွဲ့ချုပ်က တတ်နိုင်တဲ့ဘက်ကနေ ငွေစိုက်ထုတ် ကူညီမယ်လို့ ဆိုပါတယ်။ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့အကူအညီတွေကို အစိုးရကလည်း ဆောင်ရွက်ပေးနေပြီး ပြည်တွင်းပြည်ပကလည်း လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်နေပါတယ်။