ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ နိုဝင်ဘာ၂၈ ရက်ကနေ ၃၀ ရက်အတွင်း နေရာ ကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ၂၇ ရက် မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ၂၇ ရက်၊ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြောက်ယွန်းယွန်းကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါ ရောင်အဆင့် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ်ဟာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာ နိုင်ပြီး မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီအားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နိုဝင်ဘာ၂၈ ရက်ကနေ ၃၀ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။