အနောက်ဘက်ကရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှုအားကောင်းတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ဆဲလ်ရဲ့ အရှိန်တို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အောက်တိုဘာ(၄)ရက်ကနေ အောက်တိုဘာ(၆)ရက်အတွင်း နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာ ကွက်ပြီးမိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာလ ၃ ရက် ည(၇)နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလို ပါရှိတာပါ။
ဒါ့အပြင် အချို့ဒေသ တွေမှာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်သလို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာလည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်း ရေးအနေနဲ့ ကြိုတင်သတိပြုသွားလာဖို့တွေကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။