ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ(၁)ရက်မှာထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်မှာ အခုလိုဖော်ပြပါရှိတာဖြစ်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ အောက်တိုဘာလ ၅ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ဒေသတွေကနေဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့လည်းဆိုပါတယ်။
မိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၉ ရက်လောက်ထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းမကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာတော့ ၄ ရက်ကနေ ၆ ရက်လောက်ကြာတဲ့အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။