မတ်လ(၂၈)ရက်ကနေ ဧပြီလ(၃)ရက် မွန်းလွဲပိုင်းအထိ (၇)ရက်တာကာလအတွင်း မြေငလျင်(၆၇)ကြိမ် လှုပ်ခတ် ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ(၂၈)ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့် အချိန်က အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ မြေငလျင်တွေ ထပ်မံလှုပ်ခဲ့ရာ ဧပြီလ (၃)ရက် မွန်းလွဲပိုင်းအထိ ငလျင်လှုပ်ခတ်မှု အကြိမ်ရေပေါင်း (၆၇)ကြိမ် ရှိခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှုအနေနဲ့ မတ်လ(၂၈)ရက်မှာ (၁၃)ကြိမ်၊ မတ်လ(၂၉)ရက်မှာ (၁၁)ကြိမ်၊ မတ်လ(၃၀)ရက်မှာ (၁၀)ကြိမ်၊ မတ်လ(၃၁)ရက်မှာ (၁၃)ကြိမ်၊ ဧပြီ ၁ ရက်မှာ(၇)ကြိမ်၊ ဧပြီ ၂ ရက်မှာ (၈)ကြိမ်နဲ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းအထိ (၅)ကြိမ် လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ဧပြီလ ၃ ရက် မနက် ၈ နာရီအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငလျင်ဒဏ် သင့်ခဲ့ရတဲ့ဒေသတွေမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံး ခဲ့ရသူဟာ စုစုပေါင်း ၃၀၈၅ ယောက်၊ ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၁၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၃၄၁ ယောက် ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။၊