ငလျင်လှုပ်ပြီး(၅)ရက်မြောက်နေ့မှာ နေပြည်တော်ရှိ အေးချမ်းသာဟိုတယ်မှာ ပိတ်မိနေတဲ့ အမျိုးသား(၁)ယောက် ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်သာဟိုတယ်ဟာ မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။ အဲဒီဟိုတယ်ပြိုကျမှုမှာ ဝန်ထမ်း(၂)ယောက် အသက်ရှင် နေသေး ကြောင်း သိရတဲ့အတွက်

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်တွေနဲ့ တူကီယဲနိုင်ငံ က GEA Search rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဧပြီ(၁)ရက်၊ ညနေ(၃)နာရီအချိန်က စတင်ကာ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး ည(၁၂)နာရီခွဲအချိန်မှာ ဟိုတယ်ပြင်/ထိန်းဝန်ထမ်းဖြစ်တဲ့ မောင်နိုင်လင်းထွန်းကို အသက် ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ နောက်တစ်ယောက်ကို ကယ်ဆယ်နိုင် ရေးအတွက်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။