နေပြည်တော်ရှိ အေးချမ်းသာဟိုတယ် ပြိုကျပျက်စီးမှုမှာ ပိတ်မိနေခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူ အမျိုးသား နှစ်ယောက်ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ One News သတင်း ထောက်ဆီက သိရပါတယ်။ ပထမဆုံးအနေနဲ့ ဟိုတယ် ပြင်/ထိန်း ဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်အရွယ် နိုင်လင်းထွန်းကို ဧပြီလ(၁)ရက် ညနေ(၃)နာရီအချိန်က စတင်ပြီး ရှာဖွေကယ်ဆယ်ခဲ့ရာ ကြာချိန် ၉ နာရီခွဲအကြာ ည ၁၂ နာရီခွဲအချိန်မှာ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ မောင်ထက်မောင်မောင်ကိုတော့ ဧပြီ(၂)ရက် မနက် ၁၀ နာရီကစတင်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေးကြာချိန် ၃ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ မောင်ထက်မောင်မောင်ရဲ့ လက်တစ်ဖက်နဲ့ တွေ့ရှိချိတ်ဆက်မှုရရှိခဲ့ကာ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန် မှာတော့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အေးချမ်းသာဟိုတယ်မှာ ပိတ်မိနေတဲ့သူနှစ်ယောက်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်တွေနဲ့ တူကီယဲနိုင်ငံက GEA Search and rescue အဖွဲ့ဝင်တွေ ပူးပေါင်း ရှာဖွေကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၂ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ဒေသတွေမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၈၈၆ ယောက်၊ ဒဏ်ရာရရှိ သူစုစုပေါင်း ၄၆၃၉ ယောက်နဲ့ ပျောက်ဆုံးနေသူ ၃၇၃ ယောက် ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။