မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်မှာ အခုရက်ပိုင်းအတွင်း နေ့စဉ် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းဝင်ရောက်တာကြောင့် မန်းရွှေစက်တော်ဘုရားကြီးရဲ့ အောက်စက်တော်ရာရင်ပြင်အထက်မှာ ဩဂုတ် ၂ ရက်၊ မနက်ပိုင်းက မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်းနေတယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

မန်းချောင်းရေတွေဟာ အောက်စက်တော်ရာ ရင်ပြင်အထက်မှာ ဩဂုတ် ၁ ရက်၊ ညနေ ၄ နာရီခန့်က စတင်ဖြတ်ကျော်စီးဆင်းခဲ့တာဖြစ်ပြီး ညပိုင်းမှာ ရင်ပြင်အထက် ၅ ပေခန့်အထိ သိသိသာသာ တိုးမြင့်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန်းရွှေစက်တော်ဘုရားကြီးအထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှာ ဩဂုတ် ၂ ရက်၊ မနက် ၈ နာရီအချိန်တိုင်းထွာချက်အရ ပင်မရေပိုလွှဲကနေ ၅ ပေကျော်အထိ ရေကျော်စီးဆင်းနေရာ မန်းချောင်းရေတွေက ရွှေစက်တော်မန်းချောင်းအတွင်းကို ပိုမိုဖြတ်သန်း စီးဆင်းဝင်ရောက်ကာ မန်းချောင်းအောက်ပိုင်းရှိ မင်းဘူး(စကု) မြို့နယ်အတွင်းက မြေနိမ့်ပိုင်းကျေးရွာအချို့မှာ မန်းချောင်းရေဝင်ရောက်မှုဖြစ်ပွားနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်ကပြောပါတယ်။