ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တံတားနဲ့ လမ်းအချို့ ပျက်စီးတာတွေကို ပြင်ဆင်ဆောင်ရွက် ခဲ့ရာ ဧပြီ ၅ ရက်ကစပြီး ရန်ကုန်ကနေ နေပြည်တော်ထိ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာခွင့် ပြုမှာဖြစ်တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးပြည်ဖြိုးဆယ်က One News ကို ပြောပါတယ်။

အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၅ နဲ့ ၁၆၅ မိုင် ဆွာချောင်းတံတားတွေမှာ တံတားအဝင်လမ်း နိမ့်ကျတာတွေ၊ တံတားတိုင် ယိုင်တာတွေ ဖြစ်ပေါ်ခဲ့တာ ရှိတဲ့အတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပြီး ဆွာချောင်းတံတား နေရာမှာတော့ ယာယီဘေလီတံတား ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဧပြီ ၅ ရက်ကစပြီး အမြန်လမ်းအတိုင်း ရန်ကုန်ကနေ နေပြည်တော်ထိကို ယာဉ်ငယ်တွေ ဖြတ်သန်း သွားလာခွင့် ရမှာဖြစ်ပါတယ်။ ယာဉ်ကြီးတွေနဲ့ မှန်လုံယာဉ်တွေကတော့ အခြား ရှောင်ကွင်းလမ်းတွေကနေ ဖြတ်သန်းသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်ကနေ အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၂ မိုင်ထိ ဖြတ်သန်းသွားလာလို့ ရပြီးတော့ အဲဒီကနေ ၃၆၅ မိုင် ၃ ဖာလုံကြား ဖြတ်သန်းသွားလာခွင့်ကတော့ လတ်တလော ပိတ်ထားမှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးပြည်ဖြိုးဆယ်က ပြောပါတယ်။