အခု ၂၀၂၅ ခုနှစ်အတွင်း အဆိုးရွားဆုံး ရာသီဥတုဖောက်ပြန်မှု ၁၀ နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံပါဝင်လာကြောင်း ထိုင်းအခြေစိုက် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ အလွန်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေ ကျရောက်မှု နည်းပါးပေမယ့် အခုနှစ်အတွင်း မိုးခေါင်တာ၊ ရေကြီးတာနဲ့ အပူချိန်မြင့်မားတာတွေ ကြုံတွေ့ရနိုင်ခြေရှိတယ်လို့ Climate Risk Index 2025 ကလည်း သတိပေးထားပါတယ်။တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအခြေအနေတွေ ကို ကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လကနေ ဧပြီလအတွင်း အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ဖွယ်ရှိပြီး အလွန် ပူပြင်းတဲ့ နွေရာသီအတွက် ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ထားသင့်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။ လာမယ့် နွေရာသီကာလမှာ အလွန်ပူပြင်းတာကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ တောမီးအန္တရာယ်နဲ့ မီးဘေးအန္တရာယ်တွေ အထူးသတိရှိကြဖို့ကိုလည်း အာဏာပိုင်တွေက အသိပေး ထုတ်ပြန်ထားပါတယ်။