ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုကြောင့် စက်တင်ဘာလ (၁၆)ရက် အထိ သေဆုံးသူ (၆)ယောက် ရှိခဲ့ပြီး ရေထဲမျောပါသွားသူ (၂)ယောက်ရှိတယ်လို့ ညောင်ရွှေမြို့နယ်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သိရပါတယ်။
အင်းလေးဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ရေတွေကြောင့် စက်တင်ဘာလ (၁၁)ရက်ကစပြီး အင်းလေးကန်အတွင်း ရေတွေ ဝင်ရောက်လာကာ နေအိမ်တွေ နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
အင်းလေးဒေသမှာ ရေကြီးမှုကြောင့် အိမ်ခြေ နှစ်သောင်းကျော် ရေဝင်ရောက်မှုတွေ ရှိခဲ့ပြီး ဒေသတွင်း ပရဟိတ အဖွဲ့တွေ၊ နယ်ခံပရဟိတအဖွဲ့တွေနဲ့ ဌာနဆိုင်ရာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ညောင်ရွှေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အခုလက်ရှိမှာ ကယ်ဆယ်ရေစခန်း (၇)ခုဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ (၅၆၄၃)ယောက်ကို ကူညီကယ်ဆယ်ထားကာ ဆေးဝါးနှင့် ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။