ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ လှိုင်ရတနာဈေး (ခေါ်) ဘာတာဈေး မီးလောင်မှု ဆိုင်ခန်း ၃၅၀ နီးပါး မီး လောင်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက One News ကို ပြောပါ တယ်။

ဘာတာဈေးမီးလောင်မှုကတော့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်အစောပိုင်း ၁၂ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီ မီးလောင်မှုကို Level 2 ယာဉ်အုပ်စုနဲ့ တစ်နာရီ နီးပါးကြာ ငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။ဘာတာဈေးမီးလောင်မှုကြောင့် ပင်မဈေးရုံ ၆ ရုံက ဆိုင်ခန်း ၂၂၈ ခန်း၊ ပျံကျဈေးရုံ ၃ ရုံက ပျံကျဆိုင်ခန်း ၁၂၀ စုစု ပေါင်း ဆိုင်ခန်း ၃၄၈ ခန်း မီးလောင်ဆုံးရှုံးပျက်စီးခဲ့ရတယ်လို့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဆက်လက်ပြီး မီးလောင်ရတဲ့ အကြောင်းရင်း နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲ့က အဖွဲ့ဖွဲ့ပြီး စုံစမ်း စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။မကြာခင် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ဈေးတွေ စက်ရုံ၊ အလုပ်ရုံ တွေလို ဆုံးရှုံးမှု ကြီးမားတဲ့ မီးလောင်မှုတွေ မဖြစ်ပွားစေဖို့ မီးသတ်တပ်ဖွဲ့အနေနဲ့ အကြုံပြုတာတွေ အသိပညာ ပေးတာတွေ အလေးအနက်ထားပြီး ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဘာတာဈေးမီးလောင်မှုမှာတော့ မီးလောင်ပြင် လာကြည့်တဲ့ အသက် ၇၀ အရွယ် အမျိုးသားကြီး တစ်ယောက် လည်း ကားအက်ဆီဒန့်ဖြစ်ကာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ပို့ဆောင်ကုသမှုခံယူစဉ် သေဆုံးခဲ့သလို အောက်ဆီဂျင်ကျတဲ့ လူနာတစ်ယောက်ကိုလည်း ကုသမှု ပေးခဲ့ရတယ်လို့ အခင်း ဖြစ်ရပ်မှာ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။မီးလောင်ခဲ့တဲ့ ဘာတာဈေးဟာ ပင်မဈေးရုံ ၁၅ ရုံ နဲ့ ဆိုင်ခန်းပေါင်း ၄၅၀ နီးပါးရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၊ ဈေးများဌာနက (ခ) အဆင့် သတ်မှတ်ထားတဲ့ ဈေးကြီးတစ်ခု ဖြစ်ပါတယ်။
ဓာတ်ပုံ- CJ