စက်တင်ဘာတတိယပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၂၁)ရက်မနက်ပိုင်းမှာထုတ်ပြန်တဲ့ စက်တင်ဘာလတတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်ချက်မှာအခုလို ပါရှိတာပါ။ အနောက်တောင်မုတ်သုံလေကလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကနေ လာမယ့်စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ဆုတ်ခွာသွားနိုင်သလို အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်ကနေ အားအသင့်အတင့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကိုစတင်ဖြတ်ကျော်နေပြီး အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်းနဲ့ နောက်(၂၄)နာရီအတွင်း မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတောင်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကိုဆက်လက်ဖြတ်ကျော်နိုင်ပြီး စက်တင်ဘာလ(၂၃)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။