ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီးလေဖိအားနည်းရပ်ဝန်းအဖြစ်ကိုရောက်ရှိလာတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ(၂၄)ရက် နေ့လယ်(၂)နာရီအချိန်မှာထုတ်ပြန်တာပါ။
ဒါ့အပြင် မုတ်သုံလေကလည်းအားကောင်းနေတာကြောင့် စက်တင်ဘာ(၂၄)ရက် နေ့လယ်ကနေ နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်နဲ့နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက်ပြီးမိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝ ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့အနေနဲ့ ကြိုတင်သတိပြုသွားလာဖို့ သတိပေးနှိုးဆော်ထားပါတယ်။