မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်အချိန်လောက်က မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေကြောင့် ရှမ်းပြည်နယ် အတွင်းမှာ သေဆုံးသူ ၆၅ ယောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် လက်ရှိစာရင်းတွေအရ ရှမ်းပြည်နယ်အတွင်းရှိ ဘုရားစေတီပေါင်း (၁၈)ဆူ၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်း(၃)ကျောင်း၊ တံတား(၁)စင်း၊ လူနေအဆောက်အဦ (၁၅၇) လုံး၊ သေဆုံးသူ(၆၅)ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၇၃)ယောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူအဆင့် DMC အနေနဲ့ ရှာဖွေကယ်ဆယ်ရေး၊ စာရင်းကောက်ယူရေး၊ ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကော်မတီအသီးသီးနဲ့ ဖွဲ့စည်းဆောင်ရွက်နေပြီး အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လက်ရှိအချိန်ထိ သေဆုံးသူ ၂၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေ လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။