ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မိုးသည်ထန်းစွာ ရွာသွန်းမှုကြောင့် ရွှေကျင်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားရတယ်လို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၇၀ စင်တီမီတာ ကျော်လွန် ရောက်ရှိနေပါတယ်။

ရွှေကျင်မြစ်ရေကို မြင့်တက်လာတာကြောင့် ရပ်ကွက်၊ ကျေးရွာတွေအတွင်းက အိမ်ထောင်စု ၈၀၀ ကျော်က လူဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ပြီး စာသင်ကျောင်း ၂၀ လောက်ထိ ပိတ်ထားရတာ ဖြစ်တယ်လို့ဆိုပါတယ်။
ရေဘေးသင့်အိမ်ထောင်စုတွေကို ဘာသာရေး အဆောက်အဦနဲ့ စာသင်ကျောင်း အားကစားခန်းမတွေမှာ နေရာချထားပေးပြီး ကူညီကယ်ဆယ်ရေးနဲ့ အစားအသောက်တွေ၊ဆေးဝါးတွေ ထောက်ပံ့တာကို မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။