မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို After Shockကိုခံနိုင်ရည်ရှိစေဖို့ Steel Structureတွေနဲ့ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရမယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအဆောက်အဦတွေ ပြန်လည်ပြုပြင်မွမ်းမံရေးနဲ့ ယာယီရုံးတွေတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။
စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကျွမ်းကျင်သူတွေပါဝင်တဲ့ စွမ်းအင်ဝန်ကြီးဌာနဆိုင်ရာ အဆောက်အဦများစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက တာဝန်ရှိသူတွေပူးပေါင်းပြီး ရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေကို စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနရဲ့လုပ်ငန်းတာဝန်တွေကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံသွားရမှာဖြစ်ပြီး အဲဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်အနေနဲ့ မလိုအပ်ဘဲ ကုန်ကျစေတာမျိုးမရှိအောင် ပြန်လည်ဆယ်တင်နိုင်တဲ့ နိုင်ငံတော်ပိုင် အဆောက်အဦတွေကို သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ်တကျ သေသေချာချာစစ်ဆေးပြီး အတည်ပြုချက်ရယူ ဆောင်ရွက်သွားရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။