မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာမှာ ရေကြီးရေလျှံမှုတွေကြောင့် မြေပြိုကျမှု ဖြစ်စဉ်အတွင်း လူ ၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သပြေပင်ကျေးရွာမှာ မြေပြိုကျမှုတွေ ကြောင့် လူအယောက် ၇၀၀ လောက် သေဆုံးတယ် ဆိုပြီး သတင်းမှား ထွက်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သပြေပင်ကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိပြီဖြစ်သလို ဒဏ်ရာရရှိသူ အချို့ကို ဆေးရုံ၊ ဆေးခန်းတွေ ပို့ဆောင်ပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကလည်း တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက်ရွာတွေမှာ ရေဘေးသင့် ပြည်သူတွေကို ရွှေ့ပြောင်းကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတဲ့ တပ်မတော်သားတစ်ယောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်တို့ ရေစီးထဲ မျောပါပျောက်ဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲလုပ်ငန်း တွေအဖြစ် ဆန်၊ ရိက္ခာဖိုးတွေအတွက် သတ်မှတ်ငွေနှုန်းထားတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကို ငွေကြေး ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်၊ ညပိုင်းအထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် လူနေအိမ် ရှစ်သောင်းနီးပါး ရေဝင်နစ်မြုပ် ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၁၁၃ ယောက်နဲ့ ပျောက်ဆုံးသူ အယောက် ၁၂၀ ရှိခဲ့တယ်လို့လည်း စက်တင်ဘာ ၁၆ ရက် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
အလားတူ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၄ ရက်၊ ညပိုင်းထိ ရေဘေးသင့်ပြည်သူ ၃၂၀၀၀၀ ကျော် ရှိပြီး ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။