ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ တစ်နိုင်ငံလုံးက ပြည်သူလူထုကို စာနာထောက်ထားနားလည်သော အားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီးလည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အများပြည်သူ သွားလာအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာနဲ့ ထိခိုက်ပျက်စီးစေတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေတာ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေရဲ့ တပ်
စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကိုနှောင့်ယှက် တိုက်ခိုက်တာတွေ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေကိုမပြုလုပ်ဖို့ သတိပေးထားပြီး ဆောင်ရွက်လာပါက တပ်မတော်အနေနဲ့ ပြည်သူလူထုကိုကာကွယ်သောအားဖြင့် လိုအပ်တဲ့အရေးယူ တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ မတ် ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန် ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသတွေမှာ လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီး ခဲ့ရပြီး ပြည်သူတွေ အသက်သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတွေ ဖြစ်ပေါ်ခဲ့ရတာကြောင့် အဲ့ဒီ ထိခိုက် ပျက်စီးခဲ့ရမှုတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အနေနဲ့ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။